Drop Down Menu Style

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, August 15, 2015

အသက်ကို လက်ဖျံရိုးနှင့်လဲခဲ့ရသူ

၂၀၀၃ ခုနှစ်အတွင်းက အာရွန်ရာလ်စတန်ဆိုသည် အမျိုးသားတစ်ဦးသည် နက်ရှိုင်းမတ်စောက်လှသည့် Blue John Canyon လျှိုချောက်ကြီးဆီသို့ တောင်တက်ခရီးထွက်ရန် ရောက်ရှိလာခဲ့သည်။

ကျောက်နံရံပေါ်သို့ တွယ်တက်နေစဉ် ပဲ့ကျလာသည့် ကျောက်တုံးကြီးတစ်တုံးက သူ၏ညာလက်ဖျံကိုကြိတ်ချေလျက်သားအနေအထားဖြင့် အောက်သို့ ဆက်မကျဘဲ နံရံပက်ကြားအက်ထဲတွင် သပ်ရိုက်သကဲ့သို့ ညပ်သွားခဲ့သည်။

ရာလ်စတန်သည် သူ၏တောင်တက်ခရီးစဉ်နှင့်ပတ်သက်၍ မည်သူ့ကိုမျှ အသိပေးထားခြင်း မရှိရာ၊ ကယ်ဆယ်မည့်သူ ရောက်လာမည်မဟုတ်ကြောင်း ကိုလည်း သိရှိခဲ့သည်။ မိမိကိုယ်ကို သေလူအဖြစ် မှတ်ယူကာ ရာလ်စတန်သည် ကျောက်တုံးကြီးအောက်မှ မိမိလက်ပြန်လည် ကျွတ်ထွက်ရန် ကြိုးပမ်းခဲ့သည်။ ရေကိုချွေတာသောက်နေရင်း တစ်ဖက်တွင်လည်း ကျောက်တုံးကြီးကိုဖယ်ရှားရန် ကြိုးပမ်းရင်းဖြင့် ငါးရက်ခန့်
အကြာတွင် ရေအနည်းငယ်သာကျန်ရှိတော့သည်။ နောက်ဆုံး ရေပြတ်လပ်သွား သည့်အချိန်တွင် မိမိ၏ ကျဉ်ငယ်ရေကို ပြန်သောက်ခဲ့ရသည်။

ငါးရက်ကျော်ပြီးသည့်နောက်တွင် ရာလ်စတန်က မိမိလွတ်မြောက်ရန်အတွက် ညပ်နေသည့် ညာလက်ကို ဖြတ်ပစ်မှဖြစ်မည်ဟု နားလည်လာခဲ့သည်။ ဦးစွာ ကျောက်တုံးကြား၌ ညပ်နေသည့်လက်ကို လှန်ချိုးခဲ့ရာ လက်ဖျံရိုးနှင့်တကွ တံတောင်ဆစ်ရိုးပါ ကျိုးသွားခဲ့သည်။

ယင်းနောက် မိမိတွင်ပါလာသော စွယ်စုံသုံး ကိရိယာမှ ဓားတုံးတုံးတစ်လက်ဖြင့် ကျိုးသွားသော လက်နေရာတစ်ဝိုက်ရှိ နူးညံ့သော အသားစများကို လှီးဖြတ်ခဲ့သည်။ အရွတ်များကဲ့သို့ မာကျောသည့် အရာများကိုမူ ပလက်ယာဖြင့် ကိုက်ဖြတ်ခဲ့သည်။ စုစုပေါင်း ငါးရက်နှင့် ၇ နာရီ (၁၂၇ နာရီ) ကြာမြင့်ပြီးနောက် ကျောက်တုံးကြီးအောက်မှ လက်ကိုဖြတ်၍ လွတ်မြောက်လာခဲ့သည်။ ယင်းနောက်တွင် ၎င်းအနေဖြင့် ၆၅ ပေကျော်မြင့်သော မတ်စောက်လှသည့် တောင်နံရံကို တွယ်၍ပြန်ဆင်းရပြန်သည်။

နောက်ဆုံး ချောက်နက်ကြီးအပြင်ဘက်သို့ ရောက်ရှိသွားပြီးနောက်တွင် ပျော်ပွဲစားထွက်လာသော မိသားစုတစ်စုနှင့်တွေ့ရာမှ ကယ်ဆယ်ရေးအဖွဲ့ထံသို့ အကြောင်းကြားနိုင်ခဲ့ခြင်းဖြစ်သည်။ အဆုံးသတ်တွင် ကယ်ဆယ်ရေးအဖွဲ့က ရာလ်စတန်အား ရဟတ်ယာဉ်ဖြင့် လာရောက်သယ်ဆောင်သွားခဲ့သည်။

၂၀၀၄ ခုနှစ် တွင် ရာလ်စတန်ကိုယ်တိုင်ရေးသားသည့် Between a Rock and a Hard Place စာအုပ် ထွက်ပေါ်လာခဲ့သည်။ ၂၀၁၀ တွင် သူ၏အကြောင်း ရိုက်ကူးထားသည့် 127 hours ရုပ်ရှင်ကြောင့် သူတက်ခဲ့သည့် Blue John Canyon ကြီးသည်လည်း နာမည်ကြီးသွားခဲ့သည်။

၁၉၇၅ ခုနှစ်တွင် မွေးဖွားသူ ဖြစ်ရာ ယခုအခါတွင် ရာလ်စတန်အနေဖြင့် ၂၀၁၄ တွင် အသက် ၃၉ နှစ်ရှိနေပြီဖြစ်သည်။

Ref:Wikipedia
စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment